* အစိမ်းရင့်ရင့်လမ်းလွှဲတစ်ခုမှာ
လမ်းခွဲထားရစ်ခဲ့ရပေမယ့်
အလွမ်းသွေးတွေစွန်းပေနေတဲ့ - ငါ့အသဲကို
နင်-ဝင်ကြည့်လှည့်ပါ ။
အပြုံးရုပ်ဆင်နေတဲ့ ငါ့မျက်နှာပေါ်က
အရိပ်အယောင်ကိုပဲ နင် - သယ်ဆောင်မသွားပါနဲ့
နှလုံးသားရွက်ဝါလေးကိုလည်း
မြင်အောင်ကြည့်ခဲ့ပါဦး ..." မေ " ။
* မတူညီတဲ့ကန့်လန့်ဖြတ်မျဉ်းပြိုင်နှစ်ကြောင်းအဖြစ်
ကံကြမ္မာက ...ငါတို့ကို ပုံသွင်းပစ်ခဲ့တယ် ။
ဘယ်တတ်နိုင်ပါ့မလဲ..." မေ " ။
ငါတို့က ..စေညွှန်ရာဆီလွင့်ရမယ့်
ကံကြမ္မာရဲ့ မင်းခစားတွေမဟုတ်လား ။
* ဘယ်တော့မှ မတွေ့နိုင်တော့ဘူ့းလို့ ..သိပေမယ့်
နှလုံးသားကသံသယဖြစ်ဖြစ်နေတာ ...ခါးတယ် ။
အလင်းမဲ့ဒွိဟစိတ်တွေကိုဆွဲချိတ်လို့
လေဟာနယ်မှာတိတ်တဆိတ်ပုန်းအိပ်ပေမယ့်
မျက်စိမှိတ်လို့မရတဲ့အသဲက မင်းကိုပဲတရှိုက်မက်မက်ဖြစ်နေ
အိပ်မက်တေလေတွေကလည်း တံခါးမရှိ ဓားမရှိ
ငါ့အာရုံအခန်းလွတ်ထဲအထိဝင် ' ဝင်ကြည့်နေကြ
ဘယ်လိုနည်းပညာနဲ့ အိပ်မက်တွေကို -ငါ -ချုပ်ရမလဲ ?
* ငုတ်တုတ်မေ့နေတဲ့ ငါ့ဦးဏှောက်က
နှလုံးသားနဲ့ ပတ်သတ်လာရင် အမြဲတမ်း ကျောက်ရုပ်ဖြစ်နေခဲ့
ဘာမှစောဒကတက် စရာမရှိအောင်ပဲ ငါဆွံ့အ နေမိပေါ့ ။
* တွေ့ခွင့်ရ ချင်နေသေးတဲ့ ခပ်ယဲ့ယဲ့မျှော်လင့် အိမ်ကလေးက
ယိမ်း ...ထိုး ...လှုပ် ...ရှား ... ။
နတ်ဆိုးတစ်ကောင်ရဲ့ ပြုစားမှု့ ခံနေရသလို မိန်းမောပြာဝေလို့
နင် ဘယ်ဆီရောက်နေပြီလဲ ? ငါ မသိ ။
အသက်ငင်ဆဲအချိန်ထိအောင် မျှော်လင့်မိမှာတော့ သေချာတယ် ။
* ထွက်သက် ' ဝင်သက် တို့ရုန်းဆန့်တိုင်း
တဆစ်ဆစ်နဲ့ ဒဏ်ဖြစ်လာတဲ့ အသဲအိုဇုန်းလွှာက
ပါးလွှာ ...နုညက် ...လာနေပြီ ..၊
* ဘယ်အရာတွေနဲ့ ပိတ်ဆို့ဖာထေး ရမလဲ ..?
နင့်ဆီက အကြင်နာချည် မျှင်တွေနဲ့
လွန်းထိုး ယက်ဖောက်လှည့်ပါ ..." မေ " ။
ငါ့ကို (ငါ့ရဲ့ အသဲအိုဇုန်းလွှာကို)ထုတ်ပိုးဖို့
နင့်ရဲ့ အပြာရောင်လွယ်အိပ်လေးကို ယူခဲ့ပါလား " မေ " ။
* မေတ္တာ နံ့ သင်းနေမယ့် နင့်ရဲ့အပြာရောင်လွယ်အိပ် အခန်းကျဉ်းမှာ
ငါ ...မှေးစက်ခွင့်ရပါရစေ ... " မေ " ။
မျှော်လင့်ချက် သိုင်းကြိုးတွေပြတ်ထွက်မသွားခင် အထိ...
ဝိညာဉ် နဲ့ ခန္ဓာ ..ကွာရှင်းစာချုပ် မချုပ်ခင်အထိ...
ဝင်သက် ထွက်သက် တို့ ခရီးမလွန်ခင်အထိ...
ငါ့ အသိ အလင်း အိမ်မှာ မီးရောင်မှိန်မသွားခင် အထိ...
နင့် ကို - မျှော်လင့် ခွင့်ရှိနေပါရစေ " မေ " ။

အိမ်ဝေးလူ
No comments:
Post a Comment