Saturday, May 18, 2013

နှလုံးသားတည့်တည့်ကိုချိန်ပစ်ပါ


စိတ်ရဲ့ပြတင်းတံခါးတွေက တစ်ဆင့်
ငါ့ အချစ်ကိုလွှင့်လိုက်ရတာ..
မင်း ရဲ့နှလုံးသားဆီ..တည့် တည့်..။

တုံ့ပြန်မှုအဖြစ်..
မင်း ရဲ့အပြုံးလေးကို ဖွင့်လှစ်ခဲ့ပေါ့..။

ရင်နင့်ရမယ်ဆိုရင်..
အလွမ်းကိုတောက်ခေါက်ပြီး နှင်ထုတ်ပစ်မယ်..။

အခုတော့
မင်းကို ငါက ငင်သလို
မင်းကလဲ ငါ့ကို ရစ်နှောင်ခဲ့
ခမ်းနားတဲ့ သံယောဇဉ်တွေလက်လက်ထလို့ပေါ့..။

ဘ၀ကပေးထားတဲ့အနားသတ်လမ်းကိုလျှောက်ရင်း
မေးငေါ့နေတဲ့ မိစ္ဆာများ
လက်ညှိုးထိုးနေတဲ့ကံကြမ္မာဆိုးများ
ခေါက်ရိုးကျိုးနေတဲ့အိပ်မက်များ
ဖြတ်ကျော်ဖို့ကြိုးစားရင်း
နှလုံးသားချင်းပဲ နီးနီးလာ..
လူချင်းကတော့ ကွာဝေးနေရဲ့..။

မင်းရင်ထဲမှာ..အချစ်ရှိနေသရွေ့
ဘယ်အချိန်ဖြစ်ဖြစ်..
ငါ့ နှလုံးသားတည့်တည့်ကို ချိန်ပစ်လိုက်ပါ
မင်း အတွက် ငါ
ပန်းတစ်ပွင့် ပွင့်ထားမယ်..။

အိမ်ဝေးလူ

အလွမ်းနှင်လက်နဲ့..ကူလှည့်ပါ


အလွမ်းတွေသာနေရာယူထားတဲ့
ငါ့ရဲ့ရင်ဘတ်ကြီးကိုဖွင့်ဖွင့်ပြ
အိပ်ပျက်ညတစ္ဆေတစ်ကောင်ရဲ့မျက်ရည်
မင်းမမြင်စေချင်ခဲ့ဘူး ။့
ငါ့အလွမ်းနဲ့ငါ နှစ်ပါးသွားရင်း
မျှော်လင့်ခြင်းတွေပျောက်ပျောက်နေပေါ့
တစ်ခါတစ်လေ့တော့ငါဟာ..
ညပျောက်နေတဲ့ကြယ်
တစ်ခါတစ်ရံတော့..ငါဟာ..
မိုးသောက်ချိန်မဲ့နေတဲ့အာရုဏ်ဦး
ဘာမှမထူးတဲ့ဘ၀နဲ့ဖြတ်သန်းရင်း
အခုတော့..အလင်းငတ်လာပြီ
ငါ့မျှော်လင့်ခြင်းတွေ..
ငါ့အိမ်မက်တွေ..
ပြန်နိုးထလာဖို့..
မင်းရဲ့အလွမ်နှင်လက်နဲ့..ငါ့ကို ဖေးကူလှည့်ပါကွယ်...။


အိမ်ဝေးလူ

ကဗျာဆိုတာ ..ဘာလဲ.. .

ကဗျာကို အဓိပ္ပါယ်ဖွင့်ကြတာတွေမျိုးစုံနေပြီ။ဒါပေမယ့် ဘ၀တို့၊အချစ်တို့ဆိုတာတွေကို အဓိပ္ပါယ်ဖွင့်ဖို့မတတ်စွမ်းနိုင်သလိုကဗျာဆိုတာဘာလဲအဓိပ္ပါယ်ဖွင့်ဖို့မတတ်စွမ်းနိုင်ချေဘူး။
         ကျွန်တော်တို့အားလုံးမှာခံစားမှုရှိတယ်။ကိုယ်ခံစားရတာကိုတစ်ခြားတစ်ယောက်ဆီပြောပြနိုင်
စွမ်းရှိတယ်ဆိုတော့ကျွန်တော်တို့အားလုံးဟာအတိုင်းအတာတစ်ခုအထိ ကဗျာဆရာတွေချည်းပါပဲ။

ဒါပေမယ့် ကျွန်တော်တို့က ကဗျာဆရာလို့ခေါ်သူတွေမှာခံစားမှုပိုမျိုးစုံကာ ပိုလို့လည်းစိတ်ထိခိုက်လွယ်တယ်။သူတို့ခံစားရတာကိုပိုပြီးကောင်းကောင်းမွန်မွန်ဖော်ပြတတ်ကြ၊
သူတို့ခံစားမှုတွေကိုတစ်ဖက်သားမျှယူခံစားတတ်အောင် နှိုးဆွပေးစွမ်းကြတယ်။

ကျွန်တော်တို့အများစုဘယ်တော့မှမြင်မှာမဟုတ်တဲ့လျှို့ဝှက်သိမ်မွေ့တဲ့အလှမျိုးရှိလေရာမှာ ကဗျာဆရာရဲ့မျက်လုံးကဖွေရှာတွေ့ရှိကာသူ့အသံကကျွန်တော်တို့ကိုဒီအလှကိုပြက်ပြက်ထင်
ထင်မြင်အောင်လုပ်ပါလေတော့တယ်။စက်ကိရိယာတီထွင်သူတွေဟာလူတွေကိုကိုယ်ခန္ဓာ ပြင်ပအ
ပိုခြေလက်တွေပေးခဲ့တယ် လို့"ဆမ်မြူရယ် ဘတ်လာ"ကဆိုတယ်။ကဗျာဆရာတွေက ကျွန်တော်တို့ကိုဒီထက်အများကြီးမြင့်မြတ်တဲ့အရာကိုပေးနေပါတယ် ။ ကျွန်တော်တို့ဝိညာဉ်တွေမှာပြတင်းပေါက်အသစ်တွေဖွင့်ပေးခဲ့တာ ပါပဲ ။

အကြီးမားဆုံးကဗျာဆရာဆိုတာလူတွေရဲ့နှလုံးသားတွေကို လှုပ်ရှားစေတဲ့အရာအားလုံးအနက်အများစုကိုခံစားခဲ့သူ၊အနက်ရှိုင်းဆုံးခံစားခဲ့သူ၊နှလုံးသား
အများစုကိုမျှယူခံစားလာအောင်ထိခတ်နိုင်သူပါပဲ။ဒါ့ကြောင့်လည်းလူသားအားလုံးရဲ့နှလုံး
သားတွေထဲကနေထုတ်လုပ်ထားတဲ့နှလုံးသားပိုင်ရှင်၊ လူသားအားလုံးပြောဆိုတာကိုကျက်မှတ်ထားတဲ့လျှာပိုင်ရှင်၊ " ရှိတ်စပီးယား"ဟာတစ်ယောက်ထီးတည်းထိုင်ပြီးပြုံးနေတာပါပဲ။
ဒါ့ကြောင့်သူ့ကိုထာဝရဘုရားသခင်နဲ့တူတယ်လို့ပြောကြတာပါ ။

မောင်သာနိုး   ။
E.A.Greening Lamborn ရဲ့ The Rudiments of Criticism ထဲက ကောက်နှုတ်ချက် ။




အနုပညာဆိုတာ အမြဲလွယ်ကူတာမဟုတ်ဘူး

ကိုယ်မတတ်စွမ်းနိုင်တိုင်းပြည်သူအပေါ်ပုံချကာလွယ်ကူမှုကိုဦးစားမပေးသင့်ဘူး။အနုပညာဟာ
ခက်သင့်ရင်ခက်ရလိမ့်မယ်၊။ရှုပ်ထွေးပွေလီရလိမ့်မယ်။Sophisticated ဖြစ်ရလိမ့်မယ်။လူ့စိတ်ဟာ
တိရိစ္ဆာန်ရဲ့စိတ်ထက်မြင့်မားတယ်။နက်နဲရှုပ်ထွေးတယ်။ဒီလူ့စိတ်ရဲ့စေစားချက်၊ ကွန့်မြူးချက်ဖြစ်တဲ့အနုပညာဟာဘယ်မှာရိုးစင်းလွယ်ကူပေလိမ့်မလဲ။

မောင်သာနိုး
ဝေးကွာခြင်းရဲ့တေးသံ၊ မြားနတ်မောင် မဂ္ဂဇင်း ၊ ၁၉၉၄ ၊ဇူလိုင် ။

(တောင်တွင်းကဗျာ ..စာအုပ် ..စာမျက်နှာ ၃၇-၃၈ မှ ။

သူမသိအောင် ခိုး ငိုခဲ့ရတဲ့နေ့စွဲများ

အလွမ်းတွေ..
တစိမ့်စိမ့်စွေနေအောင်ရွာတယ်
တစ်ခါတစ်လေလေးဖြစ်ဖြစ်
ကိုယ်သိပ်ချစ်ခဲ့တဲ့အကြောင်းတော့ အမှတ်အသားပြုပေးပါ ။

ဒဏ်ရာနဲ့ ညများ
သူ့စိမ်းကားခြင်းတွေမှာ အထပ်ထပ်ဖူးပွင့်ရ
ဒီလောက်မလှတဲ့ စိမ်းကားပန်း မျိုး
ဘယ်သူ ချိုးလို့ ပန်ချင်ပါ့မလဲကွယ် ။

ရှိပါစေ
သူ မေ့နေတဲ့နေ့စွဲများထဲ
ကိုယ်တစ်ယောက်ပဲ ကြိတ်ငိုမယ်
သူ့အချစ်ကို မမြင်ရတဲ့ဘ၀မှာ
ကိုယ်သာမျက်ရည်တွေ တစိမ့်စိမ့်ကြွေ...။

အိမ်ဝေးလူ

အရူးတစ်ကောင်ရဲ့မှတ်တမ်း

ရူးသွပ်သွားတဲ့လေပြည်ညင်းမှာ
အိပ်စရာ အိပ်ယာပါ မသွားဘူး
သူတူးထားတဲ့ ရေတွင်းထဲ
အသည်းကွဲအပိုင်းအစတွေသာ
တလူလူ ထွက်လာတယ် ။
ငြူစူလာတဲ့ ကံကြမ္မာ စေရာဆီ
ခပ်တည်တည်လျှောက်ပစ်လိုက်တော့မယ်
စိမ်းတောက်ခြင်းတွေ
မခံစားချင်တော့ဘူး.. ညို..။


အိမ်ဝေးလူ

ပွင့်ကြွေ

ဒုက္ခကိုချိုမြိန်လို့မဟုတ်ဘူး
ဒုက္ခက ငါ့ကို အချိုသပ်ပေးနေတာ
ရေရှည်စွဲကိုင်ခဲ့တဲ့ အချစ်များ
သူနဲ့ကျမှ နားလည်မှုလွဲသွားသလိုလို
ပြိုကျချင်နေတဲ့ စိတ်ကလေးနဲ့
သူ့အဝေးမှာ...
ငါတစ်ယောက်ထဲ ငိုမိရဲ့
အလွမ်းမိတဲ့ ရင်က
ဘယ်လိုမှ မလန်းဆန်းနိုင်တော့ဘူး ညို...။


အိမ်ဝေးလူ

ကြယ်ပွင့်အိပ်မက်

သမိုင်းပေးဘ၀က တစ်လမ်းသွားပဲ
အင်အားနည်းနေတဲ့မျက်ဝန်းတွေကနားခိုရာမဲ့လို့
အမှည့်လွန်သီအိုရီရိုက်ချက်များ
လတ်ဆတ်မှုကင်းမဲ့နေတဲ့အိပ်မက်အပုပ်အသိုးများ
ညှိုးလျော်နွမ်းရိနေတဲ့အသက်ငင်မျှော်လင့်ချက်များ
သယ်ဆောင်ခရီးဆက်ဖို့ဖန်ဆင်းခံခဲ့ရသလား
တစ်လမ်းတည်းမှာတောင်
မျက်နှာချင်းဆိုင်ရပ်ခွင့်မရတဲ့ဘ၀ကို ခါးမိတယ် ။

အမှောင်တွေကြီးစိုးတဲ့ညသိုးသိုးကြီးတွေကို
ငါ တစ်ယောက်ထဲကြီတ်မှိတ်မျိုချနေမိ
အခုထိ လရောင်ရဲ့အစွန့်ပစ်ကို ခံနေရဆဲပေါ့ ။
မတည်မြဲတတ်တဲ့အချင်းအရာနဲ့မို့
ဘ၀ဆိုတာလက်ဖ၀ါးပေါ်ကဇယားကွက်တွေလား
ေ၀၀ါးမိနေရဲ့...။

လရောင်မဲ့တဲ့ညတွေထဲထိ
အတူရှိနေတဲ့ကြယ်ပွင့်လေးရေ...
ခုနစ်စဉ်ကြယ်အမြီးထောင်တဲ့အချိန်ထိ
မင်းကိုရှာမိနေဆဲပါပဲကွယ်..
ဒါပေမယ့်..အလင်းတံခါးတွေဖွင့်ထားတဲ့အချိန်တွေဆို
ကိုယ့်ခြေထောက်ကို ကြိုးတုပ်လို့
တစ္ဆေ တစ်ကောင်ရဲ့ငုပ်လျှိုးမှုမျိုးနဲ့
အလင်းကို ခိုးခိုးပြီး သွန်မိတယ်..
တစ်နေ့နေ့မှာ
မင်းရဲ့အလင်းမှုန်လေးတွေကိုတွေ့လိမ့်မယ်ဆိုတဲံ့
မ၀ံ့မရဲ အိပ်မက်လေးက..
ငါ့ ကို ခဏ ခဏ အချက်ပေးနေလို့ပါကွယ်..။


                       အိမ်ဝေးလူ

အိမ်ဝေးလူ ရဲ့..ဖြောင့်ချက်


* လောကရဲ့မာယာရောင်စုံတွေကြားမှာ
ပြေးလွှားရုန်းကန်ရင်း
အချစ်ပြတင်းတံခါးလေး ဖွင့်ကြည့်မှ
ခလုတ်ထိခဲ့ရပြီ...အမေ ရယ်...။

* ပုခက်လွှဲပေးခဲ့တဲ့ လက်ချောင်းလေးတွေရဲ့
အဝေးကမ္ဘာမှာ..ရောက်ရှိနေလဲ
အမေ က (ကျွန်တော့်ကို)လှမ်းပြီး လွှဲနေတုံးပေါ့...။

* အမေ့ရဲ့အေးရိပ်ကို ခွါချ
အတ္တနဲ့ကြိုးတစ်ချောင်းကျစ်လို့
သမုဒယသစ်ပင်ဆီတွယ်တက်ကြည့်
အဆိပ်မိလို့ မိမှန်းမသိအောင် ဆွံ့အခဲ့တဲ့ သားပါ..အမေ...။

* အိပ်မက်အသေတွေကိုအသက်ပြန်သွင်းလို့ရရင်
ခဏလောက်ပြန်လိုချင်မိရဲ့..
တကယ့် လက်တွေ့မဆန်တဲ့အဖြစ်မျိုး
တည့်တည့်..တိုး..တိုး လာတာဆိုးတယ်..
အဖိုးမဖြတ်နိုင်တဲ့အမေ့မေတ္တာရိပ်အဝေးကကျွန်တော်ဟာ
ဒေးဗစ်ကော်ပါဖီး ရဲ့လက်ထဲက
ပဉ္စလက်စီးကရက်လေးတစ်လိပ်လို
အလိုလို လောင်ကျွမ်းနေခဲ့ပြီ...။

* ခေါင်းစဉ်ပျောက်နေတဲ့အိပ်မက်တွေပဲ
ထပ်တလဲလဲ နမ်းရှိုက်မိမှ
လမိုက်ညတွေကိုကြောက်တတ်လာတယ်..။

ကိုယ့်မာန နဲ့ကိုယ် ပြန်မာပြီး
ကဗျာတွေနဲ့ ဘ၀ကိုထုဆစ်နေမိ
အခုထိ ရုပ်လုံးကြွမလာသေး..
ခပ်ရေးရေး..မှုန်ဝါးဝါး..ပါပဲ အမေရယ်...။

* လမင်း မရှိ..ကြယ်စင် မရှိ..
အလင်းရဲ့ တမန်တော်တွေ..မေ့ဆေးမိနေတဲ့..ညတွေ..
လေညင်း မရှိ..ရနံ့သင်း မရှိ..
ညရဲ့ အလှကို ထိန်းနေတဲ့ ကိုယ်ရံတော်တွေ..ရီဝေနေတဲ့..ညတွေကြောင့်
မိုင်တိုင်ရှည်လာတဲ့ သက်ပြင်းမောတွေနဲ့
လေထဲက အိမ်လေးလည်း တစ်စစီပြိုလဲ..
ထုဆစ်ဆဲ ရုပ်လုံးတွေလည်း
အရည်ပျော်လုနီး ဆဲဆဲပါပဲ..အမေ...။

* ဖြစ်ချင်တာထက်..ဖြစ်သင့်တာကိုတည်ဆောက်ကြည့်နေဆဲ
ဖြစ်နေတာတွေက ကာရန်မညီဘူး..
အရူးတစ်ယောက်ဆိုတဲ့သီချင်းလို..
ဟို..တစ်စ...ဒီ..တစ်စ ပြန့်ကျဲရှုပ်ပွနေလေရဲ့..။

* အောင်မြင်မှုတွေလိုက်ရှာရင်း
လူပါလွင့်လွင့်သွားတတ်တဲ့
စိမ်းဆတ်ဆတ် သားဆိုးလေးကို
နွေးထွေးနေဆဲ..ဆိုတာသိလေ..
အမေ့ ကို ပို ပိုချစ်လေပဲပေါ့...။

* ဒုက္ခကို ဒုက္ခလို့ သိဖို့မကြိုးစားပဲ
ပျားသကာလို ချိုမြိန်ရင်း
မျက်ကွင်းတွေပဲ ညိုလာတယ်..
ရေတွင်းထဲကလမင်းကိုဆယ်ယူကြည့်တဲ့
ငတိလူမိုက်တစ်ယောက်လိုဖြစ်နေပြီလား..
မစဉ်းစားတတ်တော့ဘူး..အမေ..။

* နေ့လည်းလွမ်း..ညလည်း လွမ်းနဲ့
ယော်ရမ်း ..တမ်းတ မိ
အငမ်းမရအိမ် ပြန်ချင်နေတဲ့စိတ်ကို
ဖြေသိမ့်စရာလိုက်ရှာရင်း
ကဗျာတွေနဲ့..အိပ်..
ကဗျာတွေနဲ့..စား..
ကဗျာတွေနဲ့.. နှစ်ပါးသွားရင်း
ကဗျာသမားတစ်ယောက်အဖြစ်..ရှင်သန်ဖို့
ကျွန်တော်ရုန်းကန်နေဆဲပါပဲ..အမေရယ်..။


အိမ်ဝေးလူ
(26/8/2012...9:20.pm)

+++++++++++++++++++++++++++
( P.S ) အမေ့အတွက်အောင်မြင်မှုတစ်ခုလောက်တော့ သား လွှင့်ထူချင်သေးတယ် အမေ ။
သားရဲ့ အောင်မြင်မှုဟာ အမေ့ရဲ့ ဆံချည်မျှင်ဖြူဖြူလေးတစ်ပင်လောက်တောင်
အဖိုးမတန်နိုင်ဘူး ဆိုတာ..သိနေပေမယ့်..အမေရယ်...သား.......................။

မျှော်လင့်ချက်.. အဆုံးမဲ့ ..ရင်ခွင်အို ..တမ်းချင်း


*  အစိမ်းရင့်ရင့်လမ်းလွှဲတစ်ခုမှာ
    လမ်းခွဲထားရစ်ခဲ့ရပေမယ့်
    အလွမ်းသွေးတွေစွန်းပေနေတဲ့ - ငါ့အသဲကို
    နင်-ဝင်ကြည့်လှည့်ပါ ။
    အပြုံးရုပ်ဆင်နေတဲ့ ငါ့မျက်နှာပေါ်က
    အရိပ်အယောင်ကိုပဲ နင် - သယ်ဆောင်မသွားပါနဲ့
    နှလုံးသားရွက်ဝါလေးကိုလည်း
    မြင်အောင်ကြည့်ခဲ့ပါဦး ..." မေ "  ။

*  မတူညီတဲ့ကန့်လန့်ဖြတ်မျဉ်းပြိုင်နှစ်ကြောင်းအဖြစ်
    ကံကြမ္မာက ...ငါတို့ကို ပုံသွင်းပစ်ခဲ့တယ် ။
    ဘယ်တတ်နိုင်ပါ့မလဲ..." မေ "  ။

    ငါတို့က ..စေညွှန်ရာဆီလွင့်ရမယ့်
    ကံကြမ္မာရဲ့ မင်းခစားတွေမဟုတ်လား ။
*  ဘယ်တော့မှ မတွေ့နိုင်တော့ဘူ့းလို့ ..သိပေမယ့်
    နှလုံးသားကသံသယဖြစ်ဖြစ်နေတာ ...ခါးတယ် ။

    အလင်းမဲ့ဒွိဟစိတ်တွေကိုဆွဲချိတ်လို့
    လေဟာနယ်မှာတိတ်တဆိတ်ပုန်းအိပ်ပေမယ့်
   မျက်စိမှိတ်လို့မရတဲ့အသဲက မင်းကိုပဲတရှိုက်မက်မက်ဖြစ်နေ
   အိပ်မက်တေလေတွေကလည်း တံခါးမရှိ ဓားမရှိ
   ငါ့အာရုံအခန်းလွတ်ထဲအထိဝင် ' ဝင်ကြည့်နေကြ
   ဘယ်လိုနည်းပညာနဲ့ အိပ်မက်တွေကို -ငါ -ချုပ်ရမလဲ  ?
* ငုတ်တုတ်မေ့နေတဲ့ ငါ့ဦးဏှောက်က
   နှလုံးသားနဲ့ ပတ်သတ်လာရင် အမြဲတမ်း ကျောက်ရုပ်ဖြစ်နေခဲ့
   ဘာမှစောဒကတက် စရာမရှိအောင်ပဲ ငါဆွံ့အ နေမိပေါ့ ။

* တွေ့ခွင့်ရ ချင်နေသေးတဲ့ ခပ်ယဲ့ယဲ့မျှော်လင့် အိမ်ကလေးက
   ယိမ်း ...ထိုး ...လှုပ် ...ရှား ... ။
   နတ်ဆိုးတစ်ကောင်ရဲ့ ပြုစားမှု့ ခံနေရသလို မိန်းမောပြာဝေလို့
   နင် ဘယ်ဆီရောက်နေပြီလဲ  ?  ငါ  မသိ   ။
   အသက်ငင်ဆဲအချိန်ထိအောင် မျှော်လင့်မိမှာတော့ သေချာတယ်  ။

* ထွက်သက် '  ဝင်သက် တို့ရုန်းဆန့်တိုင်း
   တဆစ်ဆစ်နဲ့ ဒဏ်ဖြစ်လာတဲ့ အသဲအိုဇုန်းလွှာက
   ပါးလွှာ ...နုညက် ...လာနေပြီ ..၊
* ဘယ်အရာတွေနဲ့ ပိတ်ဆို့ဖာထေး ရမလဲ  ..?
   နင့်ဆီက အကြင်နာချည် မျှင်တွေနဲ့
   လွန်းထိုး ယက်ဖောက်လှည့်ပါ ..." မေ "  ။
   ငါ့ကို (ငါ့ရဲ့ အသဲအိုဇုန်းလွှာကို)ထုတ်ပိုးဖို့
   နင့်ရဲ့ အပြာရောင်လွယ်အိပ်လေးကို ယူခဲ့ပါလား " မေ "  ။

*  မေတ္တာ နံ့ သင်းနေမယ့် နင့်ရဲ့အပြာရောင်လွယ်အိပ် အခန်းကျဉ်းမှာ
   ငါ ...မှေးစက်ခွင့်ရပါရစေ ... " မေ "  ။
   မျှော်လင့်ချက် သိုင်းကြိုးတွေပြတ်ထွက်မသွားခင် အထိ...
   ဝိညာဉ် နဲ့ ခန္ဓာ ..ကွာရှင်းစာချုပ် မချုပ်ခင်အထိ...
   ဝင်သက် ထွက်သက် တို့ ခရီးမလွန်ခင်အထိ...
   ငါ့ အသိ အလင်း အိမ်မှာ မီးရောင်မှိန်မသွားခင် အထိ...
   နင့် ကို  - မျှော်လင့် ခွင့်ရှိနေပါရစေ " မေ "  ။


အိမ်ဝေးလူ